Sunday, November 16, 2008

အဖေပေးတဲ့ အားဆေးတစ်ခွက်


အရှင်ဥာဏိက

မနေ့ (နိုဝင်ဘာလ ၁၄ ရက်၊၂ဝဝ၈) ညက မြန်မာပြည်ကို ဖုန်းဆက်ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် မြို့ကိုရောက်နေတဲ့ ဒကာကြီးနဲ့ စကားပြောဖြစ်တယ်။ ဒကာကြီးက အများအားဖြင့် ရွာမှာအနေများတာမို့ ဆယ်ခါတစ်ခါ သူနဲ့ဆုံဖြစ်ဖို့က မလွယ်ပါဘူး။ ဆုံဖြစ်လို့ ပြောဖြစ်ပြန်လျင်လည်း စကားကိုများများစားစား မပြောတတ်သူမို့ ကိုယ်မေးသလောက်ပဲ သူကပြောပြီး ဖုန်းကို ညီတွေဆီ လွှဲပေးတတ်လေ့ရှိပါတယ်။ ဒကာကြီး ဘာများ မှာဦးမလဲလို့ ဆိုလျင်လည်း ဦးဇင်းကျန်းမာရေးဂရုစိုက်ပြီးနေထိုင်ဖို့ဆိုတာနဲ့ ဦးဇင်း ဒကာမကြီးက ဦးဇင်း ပြန်လာဖို့ကိုပဲ မှာလိုက်တယ်ဆိုတဲ့ စကားနှစ်ခွန်းကိုပဲ သူ့ဆီက ပုံမှန်ကြားရလေ့ရှိပါတယ်။



ဦးဇင်းအတွက် မှာဖို့ပြောတာမဟုတ်ဘူး။ဒကာကြီးအတွက် ဘာများမှာလိုတာရှိသလဲ မေးတာလို့ ပြောပါမှ ဒလူကြုံရှိ လျင် အားဆေးလေး ထည့်ပေးချင် ပေးလိုက်ပေါ့ဘုရားဒလို့ ပြောတတ်ပါတယ်။ ဒီတော့ သူ အလွန်ဆုံးမှာခဲ့တာကတော့ အားဆေးပါပဲ။ ဒီထက်ပိုပြီး ဘာမှလိုချင်တယ်လို့ မပြောခဲ့သလို ဒီထက်ပိုပြီးလည်း ဘာမှ အပိုမမှာခဲ့ပါ ဘူး။ ဒီတစ်ခါ တော့ သူ့အနီးအနားမှာ ဘယ်သူမှ မရှိတာကြောင့် သူနဲ့တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်ပြီး ထူးထူး ဆန်းဆန်းပဲ ဒကာကြီးက သူလိုချင်တာကို လျှောက်ထား ပါတယ်။ သူ့စကားကြားရတော့ အနှစ်နှစ်အလလက သူ့အပေါ်ထင်ထား တဲ့ အထင်မှားတစ်ခု လည်း မှန်မှန်ကန်ကန်သိခဲ့ရပါတယ်။ သူကိုယ်တိုင် ပညာတတ်တစ်ဦး မဟုတ်ပေမယ့် ပညာရေးအပေါ် သူ လည်းစိတ်ထက်ထက်သန်သန် ရှိပေသားရယ်လို့လည်း နားလည်မိရပါတယ်။



ကိုယ်ငယ်စဉ်က ကိုယ့်မွေးရပ်ရွာမှာ မူလတန်းကျောင်းဆိုတာ မရှိပါဘူး။ ဒါကြောင့် ရွာဘုန်းတော်ကြီးက ဘုန်းတော် ကြီးမူလတန်းကျောင်း (ဘ၊က) ဖွင့် ကာ ရွာရှိကလေးငယ်တွေကို မူလတန်းပညာ သင်ကြား ပေးပါတယ်။ ကျောင်းသားတွေက တစ်ရာကျော် နှစ်ရာနီးပါး။ သင်တဲ့ဆရာက ဆရာတော်တစ်ပါးတည်း။ ဒါကြောင့် လေးတန်း အောင်ပြီး ကိုရင် ကျောင်းသားတွေထဲက ခပ်ထက်ထက်သူတွေက ဝိုင်းဝန်းကူပြီး သင်ပြပေးရတယ်။ ကိုလေးတန်းအောင်တော့ ကိုယ့်အသက်က (၉) နှစ်။ ရပ်ရွာထုံးစံအတိုင်း တချို့လေး တန်းကျောင်းသားတွေက ဆယ့်သုံးလေးနှစ်အထိ ရှိတတ်တာ။ ဒါကြောင့် ကိုယ့်ထက်အသက် အရွယ်ကြီးတဲ့ ကိုရင်ကျောင်းသားကြီးတွေကို ကိုယ်က စာပြန်သင်ပေးခဲ့ရသေးတယ်။



ဆရာတော် မူလတန်းကျောင်းဖွင့်ရတဲ့ ရည်ရွယ်ချက်က သူ့စကားနဲ့ပဲ ရှင်းနေပါ တယ်။ သူတပည့်တွေထဲက တစ် ယောက်တလေ ထွန်းပေါက်သွားလို့ ရပ်ရွာအတွက်၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ပြန်လည် ကျေးဇူးပြုနိုင်တယ်ဆို လျင်ပဲ သူပင်ပန်း ခံရတာ တန်မှာပါလို့လည်း မကြာခဏပြောတတ်ပါတယ်။ ဘုန်းတော်ကြီးရဲ့ အမြော်အမြင် ကြီး မှုနဲ့ အပင်ပမ်းခံမှုများကြောင့်သာ ကိုယ့်မှာ မူလတန်းလေး အောင်မြင်အောင် သင်နိုင်ခဲ့တာ။ ကိုယ်ငယ်စဉ်က ကိုယ့်ရွာမှာ မူလတန်းအောင်မြင်သူတောင်မှ ရာခိုင်နှုန်း အတော်နည်းပါသေးတယ်။ သို့ပေမယ့် အသုံးလုံးစီမံကိန်းများ ပြီးကာစ အချိန်ဆို တော့ အစိုးရထုတ်ပြန်တဲ့စစ်တမ်း များမှာတော့ ကိုယ့်နိုင်ငံရဲ့ စာတတ်မြောက်နှုန်းက ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေအောက် မနိမ့်လှပါဘူး။ ဒါပေမယ့် ကိုယ့်ရွာမှာတော့ လူကြီးသူမတစ်ဦးဦး စာဖတ်နေတာမျိုးကိုတော့ ကိုယ်ငယ်စဉ်က သိပ်ပြီး မတွေ့ခဲ့မိဖူးပါဘူး။



ကိုယ့်ဘဝအတွက် မမေ့နိုင်တဲ့အရာတွေထဲက တစ်ခုကို ပြောပြချင်တယ်။ အဲဒီလို ကိုယ်လေးတန်အောင်တော့ ကိုယ်က အလယ်တန်းနဲ့ အထက်တန်း စာပေတွေကို ဆက်လက်သင်ကြားလိုတယ်။ ဒါပေမယ့် ကိုယ့် မိဘတွေမှာ ကိုယ့်ကို ကျောင်းဆက်ထားပေးနိုင်လောက်အောင် စီးပွားရေးက မပြည့်စုံဘူး။ ကျောင်းဆက်တက်မယ်ဆိုလျင်လည်း မြို့ကိုပို့ ပေးရမှာ။ မိဘတွေမှာ အဲဒီလို ကိုယ့်ကိုမြို့ပေးနိုင်လောက်တဲ့ အခြေအနေ မရှိပါဘူး။ အဲဒီအခြေအနေကို အနည်းငယ် မှန်း ဆမိပေမယ့် ကောင်းကောင်းတော့လည်း နား မလည်ခဲ့ပါဘူး။ အခြေအနေတွေကို နားလိုဖို့ထက် ကိုယ်တက်ရောက်ချင်တာကို ဖြည့်ဆည်း မပေးခဲ့တဲ့ ကိုယ့်ဖခင်အပေါ်မှာပဲ ကိုယ့်စိတ်က မကျေမနပ်ဖြစ်နေခဲ့တယ်။ ကိုယ်အလိုချင်ဆုံး ဆန္ဒကို မဖြည့်ပေးရ ကောင်းလားလို့ဆိုပြီး ကိုယ့်မိဘတွေအပေါ်မှာလည်း အတော်နာကျည်းခဲ့မိတယ်။ သူတို့တွေ ပညာမတတ်လို့ ပညာရေးကို အား မပေးတာလို့လည်း ကိုယ်ကထင်ထားခဲ့တယ်။ ကလေးစိတ်နဲ့ပဲ သူတို့ကျောင်းထားမပေးလည်း ဘာအရေးလဲ။ တချိန်ချိန်မှာ ကိုယ့် နည်းကိုယ့်ဟန်နဲ့ကိုယ် ကျောင်းတက်ဖြစ်အောင်တက်မယ်လို့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ထားခဲ့တယ်။ ဒါကြောင့် မြို့ကိုနေနိုင်မည့် နည်း လမ်းတစ်ခုအဖြစ် ကိုရင်ဘဝနဲ့ မြို့မှာစာသင်ထွက်ခြင်းက အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး အဲဒီလမ်းကို ရွေးချယ်ခဲ့တယ်။ တကယ် တော့ တခြားနည်းလမ်းလည်း ကိုယ့်မှာ မရှိခဲ့ပါဘူး။



လူတိုင်းက ကိုယ့်လိုအခွင့်အလမ်းမျိုး ဖန်တီးလို့ ဖြစ်ကောင်းမှ ဖြစ်နိုင်မှာ။ ကိုယ်ငယ် ငယ်က မက်ခဲ့တဲ့ ကျောင်းတက် ချင်လွန်းတဲ့ ကိုယ့်အိပ်မက် ခုတော့ တကယ်အကောင်အထည်ပေါ်လာခဲ့ပြီ။ နှစ်တွေ အများကြီး စောင့်ခဲ့ရတာ။ ကိုယ့်လိုပဲ ကျောင်းတက်လိုတဲ့အိပ်မက်မက်နေမည့် ကလေးငယ်တွေ ကိုယ့်ရွာမှာ ဘယ်လောက်များမယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ့်မိဘတွေလိုပဲ ကိုယ့်သားသမီးတွေရဲ့ ကျိုးကြောင်းဆီလျော်တဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ မိဘတွေ ဆိုတာလည်း ဘယ်လောက်တောင် များနေမလဲ။ မခန့် မှန်းနိုင်ဘူး။



ကံကောင်းထောက်မစွာ ကိုယ့်မွေးရပ်ရွာမှာ မူလတန်းကျောင်းလေးရှိနေခဲ့တာ အတော်ကြာခဲ့ပြီ။ ဒီကျောင်းလေးရဲ့ အခြေခံကြောင့် ရွာသားထဲက ဆယ်တန်းအောင်မြင်နေသူတွေတောင် လေးငါးယောက်ရှိနေပြီ တဲ့။ ကိုယ်ငယ်ငယ်ကဆို ဒါမျိုးက အိပ်မက်ထဲမှာတောင် မမက်နိုင်ခဲ့တဲ့အရာ။ ကိုယ်ငယ်ငယ်ကဆို ကိုယ့်ရွာသားထဲမှာ ဆယ်တန်း အောင်သူဆိုတာ လုံးဝမရှိခဲ့ဘူး။ အထက်တန်းပညာရေးဆိုတာ သူတို့လိုရွာသား တွေနဲ့ဆိုင်တဲ့အရာလို့လည်း ကိုယ့်ရွာသားတွေ တွေးမိကြဟန် မတူပါဘူး။



ခုတော့တဆင့်တက်ကာ မူလတန်းကနေ အလယ်တန်းအထိ တိုးမြ‡င့်နိုင်အောင် အကောင်အထည်ဖော်နေကြတယ်တဲ့။ ကိုယ့်အားကိုယ်ကိုးဆိုတဲ့ ခေါင်းစဉ်အောက်က ကျောင်းသားမိဘတွေရဲ့စုပေါင်းထည့်ဝင်ငွေနဲ့ ကျောင်းဆရာငှါးကာ ငါးတန်း၊ ခြောက်တန်းနဲ့ ခုနစ်တန်းများကို ရွာမှာပဲ သင်ကြားပေးနေကြတယ်တဲ့။ ဝမ်းသားစရာ သတင်း ကောင်းပေါ့။ သို့ပေမယ့် အဆောက်အဦက မပြည့်စုံလို့ သက်ကယ်မိုးထားတဲ့ အကာအရံမဲ့အဆောင်ထဲမှာပဲ သင်ကြားနေကြရ တယ်တဲ့။ ဒါကတော့လည်း ဘယ်ကောင်းသတင်း ဟုတ်နိုင်ပါ့မလဲ။



အိမ်နဲ့စာသင်ကျောင်းနဲ့ မဝေးတာကြောင့် ဒကာကြီးက အကာအရံမဲ့အဆောက်အဦး ထဲမှာ စာသင်နေကြရတဲ့ ကလေးတွေရဲ့ ဆင်းရဲတွေကို မြင်မိမှာပါ။ နောက်ပြီး ဒီဆင်းရဲတွေကိုလည်း မကြည့်ရက် မမြင်ရက်လို့ ဖြစ်မှာပါ။ ဒါမှမဟုတ်လည်း သူ့သားငယ်ငယ်က တောင်းဆိုခဲ့တဲ့တောင်းဆိုမှုမျိုး သူကိုယ်တိုင် မဖြည့်ဆည်းပေးနိုင်ခဲ့တာလို တခြား ကျောင်းသားမိဘတစ်ဦးဦးကိုလည်း မဖြစ်စေချင်တာကြောင့်လည်း ဖြစ်မလားပါ။ 'တတ်နိုင်မယ်ဆိုလျင် ရွာက အကာမဲ့နေတဲ့ ကျောင်းလေးအတွက် အကူအညီပေးပါ ဦးဇင်း'လို့ အထူးတလည် လျှောက်ထားလာတယ်။ သားဆီက ဘာမှမတောင်းဆိုဘူး တဲ့ ဒကာကြီးရဲ့ ဒီတောင်းဆိုမှုဟာ သူ့စိတ်ထဲမှာ အတော်ဆန္ဒပြင်းပြလွန်းလို့သာ ဖြစ်မှာပါ။



ကိုယ့်မှာရှိတာလေးထဲက ဖဲ့ပြီး အိန္ဒိယမှာ ပညာသင်ကြားနေတဲ့ မိတ်ဆွေအချို့၊ထိုင်း နယ်စပ်ရှိကလေးငယ်အချို့နဲ့၊ ကျောင်းတက်နေတဲ့ ရွာက ကလေးအအချို့ကို ပညာသင်စားရိတ်တတ်နိုင်သမျှ ထောက်ပံ့ပေးနေခဲ့ တာ။ အတော် ကြာခဲ့ပြီ။ ဒါပေ မယ့် ကိုယ့်ရပ်ရွာက စာသင်ကျောင်းလေး အမိုးမခိုင်၊ အကာမရှိ ဖြစ်နေတာကို ပြုပြင်ထောက်ပံ့ ပေးဖို့ကိုတော့ ကိုယ်က သတိမရခဲ့ဘူး။ ကိုယ်တစ်ယောက်တည်းရဲ့အားနဲ့ မတတ်နိုင်တာကြောင့် မစဉ်းစားမိခဲ့တာလည်း ပါသပေါ့ လေ။



ခုတော့ ကိုယ့်ဖခင်ဒကာကြီးရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေး ရာရောက်စေ။ ကိုယ် ငယ်စဉ်က တွေ့ကြုံခဲ့ရသလို ပညာကို လိုလိုလားလားသင်ယူလိုပါလျက်ကယ်နဲ့ သင်ခွင့်မရတဲ့သူငယ်မျိုးတွေ မရှိရလေအောင် အလယ်တန်းကျောင်းဆောင် တစ်ဆောင်တော့ ဆောက်ဖြစ်အောင် ဆောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဒကာကြီးကို လည်း အဲဒီအတွက် တာဝန်ယူပါ့မယ်လို့ အာမဘန္တေခံလိုက်တယ်။ သူကျေနပ်သွားမှာပါ။ အဆောက်အဦက ကျပ်ငွေ သိန်းငါး ဆယ်လောက် ကုန်ကျမယ်တဲ့။ ဒေါ်လာ ငါးထောင်ခန့်လောက်ဖြစ်မှာပေါ့။ တောရွာအဆင့်နဲ့တော့ အတန်အသင့် လုံလောက်တဲ့ အဆောက်အဦး ဖြစ်နိုင်မှာပါ။



ဒေါ်လာငါးထောင်ဆိုတာ ကိုယ်ဒီမှာ ကျောင်းတက်နေတဲ့ ကုန်ကျမှုရဲ့ (one semester) စာသင်ရာသီ တစ်ခုစာလောက်ပဲရှိတာ။ ကိုယ့်အတွက် ဆီမီစတာတစ်ခု ဖျက်လိုက်လျင် ဟိုက ကလေးငယ်တွေ မြောက်များစွာ အဆင်ပြေသွားကြမှာ။ ဘာလို့ကိုယ်က ဒီအခွင့်ကောင်းကို လဲလှယ်မယူနိုင်ရမှာလဲ။ ကိုယ့်ဆရာဘုန်းကြီး မိန့်သလို သူတို့တွေထဲမှာ ဘာသာသာသနာ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးဆောင်နေမယ့်သူတွေ မပါဝင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာ လဲ။ ကိုယ့်တိုင်းပြည် ကိုယ်ချစ်တယ်ဆိုလျင် ကိုယ့်တိုင်းပြည်ထူထောင်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ကြမယ့် ကလေးငယ် တွေအတွက် ကိုယ်က ဘာလို့မကူညီနိုင်ရမှာလဲ။ ဒါဟာမွန်မြတ်တဲ့အလုပ်ပဲ မဟုတ်လား။ နောက်ပြီးလည်း တိုင်းပြည်တစ်ပြည်မှာ ပညာမတတ်သူတွေများလျင် ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ကိုယ်ကိုယ်တိုင်လည်း သိထားတာပဲ မဟုတ်လား။ ။




မေတ္တာဖြင့်
အရှင်ဥာဏိက

Tuesday, October 28, 2008

ံHalloween

တနင်္ဂနွေ နံနက်ခင်း၊ ဟော်လိုဝင်း နှင့် ရင်တွင်းဝေဒနာ
်ဉာဏ်ဦးမောင်
အောက်တိုဘာ ၂၈၊ ၂၀၀၈

ဒီနေ့ တနင်္ဂနွေနေ့။ နံနက်စောစော အချိန်ရလို့ အနီးအနားရပ်ကွက်ထဲကို လမ်းလျှောက်ထွက်ဖြစ်တယ်၊ တစ်နာရီနီးပါးကြာကြာ။ အိမ်ရှေ့တွေမှာ ဟော်လိုဝင်း (Halloween)အထိမ်းအမှတ် သင်္ကေတတွေ ချိတ်ဆွဲ တန်ဆာဆင်ထားတာကို တွေ့ရတယ်။ ကြောက်ရွံ့ထိတ်လန့်စရာအရုပ်တွေ ချိတ်ဆွဲထားပေမယ့် စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊ ပန်းခင်းတွေ၊ အလှစိုက်ထားတဲ့ သစ်ပင်လေးတွေ၊ သစ်လွင်တောက်ပပြီး သပ်ရပ်ကောင်းမွန်လှတဲ့ အိမ်တွေ အောက်ခံ နောက်ခံနဲ့ဆိုတော့ တွေ့မြင်ရတဲ့အရုပ်တွေက ကြောက်ရမယ့်အစား နှစ်သက်သဘောကျစရာ ဖြစ်နေတယ်။


ဟော်လိုဝင်းနေ့ (Halloween Day)ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပလေ့ရှိကြတာမို့ ဒီသီတင်းပတ်ကုန်မှာပဲ ဟော်လိုဝင်းနေ့ လာတော့မယ်။ သို့ပေမယ့် ဟော်လိုဝင်းနေ့နဲ့ ဆက်စပ်နေတဲ့ အမှတ်အသားတွေကတော့ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်နီးပါးကတည်းက တစ်နိုင်ငံလုံး နေရာအနှံ့မှာ တွေ့မြင်ကြရတာပါ။ ဈေးဆိုင်တွေမှာ၊ ကျောင်းတွေမှာ၊ အိမ်ရှေ့မြက်ခင်းပြင်တွေမှာ၊ လမ်းဘေးသစ်ပင်တွေမှာ။ ကြောက်မက်ဖွယ်အရုပ်တွေ၊ လူဦးခေါင်းခွံတွေ၊ အရိုးစုတွေ၊ ကြောက်နက်တွေ၊ ဇီးကွက်တွေ၊ ကင်းအိမ်တွေ၊ လင်းနို့မည်းတွေ၊ ရွှေဖရုံသီးတွေ၊ ဝတ်ရုံနက်တွေ၊ ပုံသဏ္ဌာန် အမျိုးမျိုး။ တံခါးဝမှာ ရွှေဖရုံသီးမှည့်တွေဆိုတာကလည်း အစီအရီ။ ဟော်လိုဝင်းမှာ အများဆုံးလွှမ်းမိုးတဲ့အရောင်ကတော့ အနက်ရောင်၊ လိမ္မော်ရောင်၊ ရွှေဖရုံသီးမှည့်ရောင် ပေါ့။

မြို့ရွာအနှံ့မှာလည်း သူရဲအိမ်တွေ၊ ကြောက်ရွံ့ထိတ်လန့်ဖွယ်အဆောက်အဦတွေ ဆောက်လုပ်လို့ ဖျော်ဖြေရေးတွေ၊ ငွေရှာမှုတွေ အမျိုးမျိုးပြုလုပ်ကြတယ်။ တယ်လီဗေးရှင်းအစီအစဉ်တွေ၊ ရုပ်ရှင်တွေမှာလည်း ကြောက်ရွံ့တုန်လှုပ်စရာ အစီအစဉ်တွေ၊ ဇာတ်လမ်းတွေကို အထူးတလည် စီစဉ်ရိုက်ကူးလို့ တင်ဆက်ကြတယ်။ ဟော်လိုဝင်းယဉ်ကျေးမှုက တကယ့်ကိုမှ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း။ သူတို့ယဉ်ကျေးမှု သူတို့အစဉ်အလာကို သူတို့တွေ ထိန်းသိမ်းကြခြင်းပေါ့။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးမှာ ခုလို ရိုးရာယဉ်ကျေးမှု အစဉ်အလာဟောင်းတွေကို တခမ်းတနား ဆက်လက်ပြုလုပ်နေကြခြင်းဟာဖြင့် အဝေးကြားဆိုလျှင် မယုံကြည်နိုင်လောက်စရာပါ။



ကမ္ဘာကသိတဲ့ ဟောလိဝုဒ်ယဉ်ကျေးမှုကနေ ကျော်လွန်ပြီး ခုလို ဟော်လိုဝင်းယဉ်ကျေးမှုမျိုးတွေ ဆိုတာလည်း ခိုင်ခိုင်မာမာရှိနေသေးတာကို တွေ့ရမြင်ရတော့ ဒီဟော်လိုဝင်းအကြောင်းကိုလည်း စူးစမ်းချင်မိသလို ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုအကြောင်းကိုလည်း ပြန်လည်စဉ်းစားမိတယ်။ ဟိုရှေးရှေးက သင်္ကြန်မှာ ငွေဖလားနဲ့ ရေကစားကြတယ် တဲ့။ ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယဖြစ်မိတယ်။ ခုခေတ်သင်္ကြန်မှာက ဘီယာမူးပြီး ရူးကြတာကိုပဲ တွေ့နေရ မဟုတ်လား။ ထားလိုက်ပေါ့နော။

ဟော်လိုဝင်းဆိုတာ All Hallows' Even ဆိုတဲ့ စကားကနေ လာတာပါတဲ့။ Even ရယ် Eve ဆိုတာက Evening ရဲ့ အတိုကောက်စကားလုံးတွေ။ Halloween မှာပါတဲ့ n ကတော့ Even ကနေ ယူထားတာပါ တဲ့။ Hallow ဆိုတာကတော့ သူတော်စင်၊ မြင့်မြတ်သူ Saints လို့ အဓိပ္ပာယ်ရှိပါသတဲ့။ ဒီတော့ Halloween Day ရဲ့ အဓိပ္ပာယ်က the eve of "All Hallows' Day ပေါ့။ ‘သူတော်စဉ်များနေ့ အကြိုညနေချမ်း’ လို့ပြန်ဆိုနိုင်မလားပါ။ All Saints Day ကို (Western Christianity) အနောက်တိုင်းခရစ်ယာန်လို့ခေါ်ဝေါ်ကြတဲ့ (Latin Rite) လက်တင်ဘာသာကို အလေးထားတဲ့ ရိုမာန်ကက်သလစ်ဘာသာဝင်တွေ၊ အင်ဂျလိကန်ဂိုဏ်းဝင်တွေ၊ လူသာရင်ခရစ် စယန်ဂိုဏ်းနဲ့ ပရိုတက်စတင့်ဂိုဏ်းဝင်တွေက နိုဝင်ဘာ (၁) ရက်နေ့မှာ ကျင်းပလေ့ရှိကြတယ်။ ဒါကြောင့် the eve of 'All Hallows' Day ဆိုတော့ အောက်တိုဘာ (၃၁) ရက် ဟော်လိုဝင်းဒေးက All Saints Day ရဲ့ အကြိုနေ့ ဖြစ်ရတော့တာပေါ့။

ရွှေဖရုံသီးထဲက အတွင်းသားတွေကိုထုတ်၊ ရွှေဖရုံသီးကို ဦးခေါင်းတစ်ခုအသွင်ဖန်တီးပြီး ပါးစပ်ပြဲပြဲ သွားကြဲကြဲ အတွင်းမှာ ဖရောင်းတိုင်ထွန်းတာက ထင်ရှားတဲ့ ဟော်လိုဝင်းနေ့ရဲ့ အဓိက အထိမ်းအမှတ် သင်္ကေတတစ်ခုပေါ့။ ဒါကို jack-o'-lantern လို့ခေါ်ပါသတဲ့။ ဦးခေါင်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိကနေရာ။ ဒီခေါင်းထဲမှာပဲ ဝိဉာဏ်ဆိုင်ရာတွေ၊ အသိဉာဏ်တွေ၊ တန်ခိုးပါဝါဆိုင်ရာတွေ ပါဝင်နေတယ်လို့ သူတို့ရိုးရာအယူအဆတွေမှာလည်း လက်ခံကြပါတယ်။ Ghost tours တို့ Bonfire တို့ဆိုတာတွေလည်း ဟော်လိုဝင်းနေ့အထိမ်းအမှတ် ယဉ်ကျေးမှုတွေပါပဲ။

ဟော်လိုဝင်းရဲ့ ရိုးရာအဝတ်အစားတွေကတော့ သူရဲတွေ၊ စုန်းကဝေ တစ္ဆေတွေ၊ မကောင်းဆိုးဝါး မိစ္ဆာတွေပေါ့။ ဟော်လိုဝင်းရဲ့ ယဉ်ကျေးမှုတွေထဲမှာ Trick-or-treat ဆိုတာလည်း တစ်ခုအပါအဝင်ပါ။ ဟော်လိုဝင်းညဦးမှာ ဟော်လိုဝင်းရိုးရာဝတ်စုံလေးတွေကိုဝတ်၊ ရွှေဖရုံသီးမီပုံးလေးတွေ လက်မှာဆွဲပြီး အိမ်တံခါးမှာလာရပ်ကာ Trick-or-treat လို့ အော်ပြောတတ်တဲ့ ကလေးငယ်တွေကို နှစ်စဉ်တွေ့နေကြ။ တစ်ခုခုပေးလျှင်ပေး၊ မပေးလျှင်တော့ သူတို့ တစ်ခုခုလုပ်မယ်ပေါ့။ ကလေးငယ်လေးတွေရဲ့ နုညံ့တဲ့ ခြိမ်းခြောက်စကားလေးပါ။ သူတို့တွေလာလျင် ပေးနိုင်အောင် သကြားလုံးတွေ ကြိုဝယ်ထားတတ်ကြတာကလည်း အစဉ်အလာတစ်ခုပေါ့။ ၇ဝ ရာခိုင်နှုန်းလောက် လူကြီးများက ကလေးတွေအတွက် ကြိုတင်ပြင်ဆင်ထားတတ်သလို ကလေးငယ် ၉ဝ ရာနှုန်းလောက်ကလည်း အိမ်နီးနားချင်းတွေဆီကို လှည့်လည်ကာ သကြားလုံး တောင်းတတ်ကြတယ်လို့ စစ်တမ်းတွေအ ရသိရပါတယ်။

Trick-or-treat ဆိုတဲ့ စကားလေးနဲ့အတူ ၁၉၅ဝ ပြည့်နှစ်ကစလို့ ကုလသမဂ္ဂ အစီအစဉ်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့အတွက် Trick-or-treat for UNICEF ဆိုတဲ့ အလှူခံသေတ္တာငယ်လေးတွေ ဖွင့် လှစ်ပြီး ကလေးငယ်တွေက အလှူငွေကောက်ခံပေးခဲ့တာ ဒေါ်လာ (၁၁၉) မီလျံကျော်ကျော် ရရှိခဲ့သတဲ့။ လုံခြုံရေး ပြဿနာကြောင့် ၂ဝဝ၆ ခုကစလို့ အစီအစဉ်လေး ရပ်နားသွားခဲ့ပြီ။ ဝမ်းနည်းကြေကွဲစရာ။ ငွေဆုံးရှုံးရတာထက် ကလေးငယ်လေးတွေရဲ့ ဖြူစင်တဲ့ လူမှုရေးစိတ်ဓာတ်၊ ဆင်းရဲချို့ငဲ့တဲ့ ဘဝတူလူသားကလေးငယ်တွေကို ကူညီရိုင်းပင်း လိုတဲ့ သူတို့လေးတွေရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်လေးတွေ ကန့်သတ်ခံလိုက်ရတာ တကယ့်ကိုမှ နှမြောတမ်းတစရာပါ။ ကမ္ဘာတစ်ဝှမ်း ဘယ်အချိန်အခါ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လုံခြုံမှုပြဿနာကြောင့် လှပပြီးချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ကြည်နူးဖွယ်လုပ်ရပ်လေးတွေကို ကန့်သတ် ချုပ်ချယ်လိုက်ရမှာမျိုး၊ ပိတ်ပင် တားဆီးခံလိုက်ရမှာမျိုးတွေ ကင်းပျောက်စေချင်လိုက်တာ။ ကလေးငယ်တိုင်း ကလေးငယ်တိုင်းအတွက် လုံခြုံအေးချမ်းပြီး ကြောင့်ကြမဲ့စွာ လေ့လာသင်ယူခွင့်ရှိစေနိုင်တဲ့၊ လွတ်လပ်စွာမြူးတူးပျော်ပါးကစားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးချည်းသာ ဖြစ်စေချင် လိုက်တာ။

နိုင်ငံအလိုက် ဒေသအလိုက် အနည်းငယ်ကွဲပြားပေမယ့် အခြေခံအားဖြင့် ဟော်လိုဝင်းပွဲ ကျင်းပုံခြင်းကတော့ အတူတူပါပဲ။ ဟော်လိုဝင်းယဉ်ကျေးမှုဟာ ၂ဝ ရာစု ဦးပိုင်းမှသာ အမေရိကကို စတင်ရောက်ခဲ့ပေမယ့် ခုတော့ ခရစ်စမတ် ပွဲတော်ပြီးရင် ဒုတိယအကြီးမားဆုံး အထိမ်းအမှတ် တန်ဆာဆင်ယင်တဲ့ ယဉ်ကျေးမှုပွဲဖြစ်နေပါပြီ တဲ့။ စစ်တမ်း တွေအရ ဟော်လိုဝင်းအတွက် သုံးစွဲငွေက ခန့်မှန်းခြေ ၅ ဘီလီယံကနေ ၇ ဘီလီယံလောက်အထိ ရှိပါသတဲ့။ ပျမ်းမျှ အားဖြင့် လူကြီးတစ်ယောက်လျှင် ၆၅ ဒေါ်လာ သုံးစွဲပါတယ်တဲ့။ သကြားလုံးအတွက်က ၂၁ ဒေါ်လာ၊ လက်ဆောင်ကဒ် အတွက်က ၁၂ ဒေါ်လာနဲ့ ဟော်လိုဝင်းဝတ်စားတန်ဆာအတွက် ၃၈ ဒေါ်လာ ၅ဝ ဆင့်ပါတဲ့။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုပြီးသုံးစွဲလာကျပါတယ်တဲ့။

ဟော်လိုဝင်းရောက်တိုင်း တောက်တောက်ပြောင်ပြောင် သားသားနားနား ဝတ်ဆင်ပြီး လမ်းတွေပေါ်မှာ၊ ကျောင်းတွေမှာ၊ ဈေးဆိုင်တွေမှာ၊ အပန်းဖြေစရာ ပန်းခြံနဲ့ ကစားကွင်းတွေမှာ၊ အိမ်ရှေ့တွေမှာ၊ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပြေးလွှားပျော်ပါးဆော့ကစားနေတဲ့ ကလေးသူငယ်တွေမြင်တိုင်း ဝတ်စရာ လုံလုံ ခြုံခြုံမရှိရှာလို့ အဝတ်ဗလာ ဖြစ်နေရှာတဲ့ ကလေးငယ်တွေ၊ စားစရာမရှိရှာလို့ အမှိုက်ပုံအမှိုက်ကြား မွှေနှောက်ရှာဖွေ စားသောက် နေရရှာတဲ့ ကလေးငယ်တွေ၊ ဦး ပေးပါ၊ အဒေါ် ပေးပါနဲ့ လာသမျှလူအပေါင်းကို လက်ဖြန့်ကာ တောင်းနေရရှာတဲ့ ကလေးငယ်လေးတွေကို ပြေးပြေးမြင်နေမိတယ်။ တကယ်တော့ ကလေးငယ်တွေဆိုတာက အပြုအစုအယုယခံရမည့် အရွယ်။ အေးအေးချမ်းချမ်း ပညာသင်နေရမည့်အရွယ်။ လူကြီးမိဘတွေရဲ့ ယုယုယယနဲ့ (Treat) ပြုစုစောင့်ရှောက်တာကို ခံယူနေရမှာ။ ဒါပေမယ့် ကမ္ဘာ့နေရာ တော်တော် များများမှာ ကံဆိုးလှစွာ ကလေးငယ်ပေါင်းများစွာခမျာ လူကြီးဆိုသူတွေရဲ့ (Trick) လုပ်တာ၊ လှည့်ဖြားညစ်ပတ်တာကို မသိနားမလည်ဘဲ ခံစားနေကြရတာ။ လူကြီးတွေ မိုက်မဲမှုကြောင့် ဖြစ်ရတဲ့ ဒဏ်ချက်တွေကို ခါးသီးစွာ နင့်နင့်သီးသီး ခံနေကြရတာ။ ဘယ်လောက်များ နာကျင်ထိခိုက် ကြေကွဲဝမ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ဘယ်လို ဖြေတွေးလို့မှ မရနိုင်လောက်အောင် ရင်နာလွန်းလှပါတယ်။ ။

Saturday, October 25, 2008

ဝေ့ဝဲ ဝိဉာဉ် (၂)

ဝေ့ဝဲ ဝိညာဉ်(၃)
ကိုယ်သူ့အကြောင်း စဉ်းစားနေတာကို သူရိပ်မိသွားပုံရတယ်။ အော် ဟုတ်တာပေါ့။ ကိုယ်က မင်းအကြောင်းကို မေးခဲ့သလို မင်းလည်းပဲ ကိုယ့်အကြောင်းကို သိချင်နိုင်တာပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို အလျင်မိတ်ဆက်ပါရစေ။ ကိုယ့်နာမည်က မာယာပါ။ သူက မာယာဆိုတော့ ကိုယ်က ကိုယ့်အတွေးနဲ့ကို ပြုံးမိတယ်။ ဒီတော့ သူက ဘာပြုံးတာလဲ။ မာယာဆိုတော့ ကိုယ့်ကို Civilize မဖြစ်သေးတဲ့ ခပ်တုံးတုံး မိန်းမတစ်ယောက်လို့ ထင်မိလို့လားတဲ့။ သူ့အမေးကို ကြားလိုက်တာနဲ့ပဲ ကိုယ်ထင်လိုက်တာ မမှားဘူးဆိုတာ ခိုင်မာသွား တယ်။ သူ့ကိုမြင်မြင်ချင်း အလယ်အမေရိကဖက်က လာတဲ့သူတစ်ယောက်ဖြစ်ရမယ်။ နောက်ပြီး သူဟာ ခပ်စွာစွာ (အဲ) ပိုပြီးဆီလျော် အောင်ပြောရလျင် ခပ်တုံးတုံး မိန်းမတစ်ယောက် ဖြစ်လိမ့်မယ် မဟုတ်ဘူးရယ်လို့ ထင်ခဲ့လိုက်တာ။

အလယ်နဲ့တောင်အမေရိကဖက်ကလာတဲ့သူတွေရဲ့ မျက်နှာပေါက်နဲ့ ခန္ဓွာကိုယ်အချိုးအစား၊ ဝတ်စား ဆင်ယင်မှုတွေဟာ အမေရိကန် စစ်စစ်တွေနဲ့ ဘာကွဲနေတယ်ဆိုတာ တိတိကျကျ မပြောပြနိုင်ပေမယ့် တစ်ခုခု မတူ တတ်တာ ကိုတော့ စိတ်ကအလိုလိုသိနေတယ်။ နောက်ပြီး အလယ် အမေရိကဖက်မှာ ဘီစီ ၂ဝဝဝ ခန့်က စတင်ထွန်းကားခဲ့တဲ့ မာယာ (တစ်နည်းအားဖြင့်) မေယာ ယဉ်ကျေးမှု အကြောင်းကိုလည်း ဖတ်ထား၊ သိထားဖူးခဲ့တာ။



သူက မာယာလို့ပြောတော့ ကိုယ်က ဒီအကြောင်းကိုသိထားလို့ ပြုံးတာနေမှာလို့ သူထင်သွားပုံရတယ်။ ဒါကြောင့် Civilize မဖြစ်သေးတဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်လို့ ထင်လို့လားလို့ မေးတာဖြစ်မယ်။ ဒီတော့ ကိုယ်က မာယာယဉ်ကျေးမှုနဲ့ ဆပ်စပ် ပြီး မဖြစ်သေးတဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်အထင်နဲ့ ပြုံးခဲ့တာတော့ မဟုတ်ဘူးနော်။ မင်းဆီမှာ အဲဒီလို ခပ်တုံးတုံး မိန်းမတစ်ယောက် လို့ ထင်မြင်စရာအချက်လည်း ဘာတစ်ခုမှ မတွေ့နိုင်ပါဘူး။ ဒါပေမယ့် မာယာဆိုတဲ့ မင်းနာမည်နဲ့ ပတ်သက်ပြီး ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ပြုံးခဲ့တယ်ဆိုတာကိုတော့ ကိုယ်ဝန်ခံပါတယ်။



အဲဒီလို မာယာယဉ်ကျေးမှုနဲ့ ကိုယ့်အပြုံးကို ဆက်စပ်ပြီး သူတွေးမိလိုက်တာကိုယ်ကပဲ သူဟာ ခပ်ချာချာ မိန်းမတစ် ယောက် မဟုတ်နိုင်ဘူးဆိုတာ ပိုပြီးသေချာသွားစေတယ်။ ဆိုပါဦး၊ ကိုယ့်နာမည် မာယာဆိုတာနဲ့ မင်းဘာလို့ ပြုံးခဲ့တယ်ဆိုတာကို-တဲ့။ ဒီတော့ ကိုယ်က ကိုယ်သိထားထားတဲ့ မာယာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်နဲ့ မာယာများခြင်းဟာ မကောင်းဘူးဆိုတဲ့ အကြောင်း၊ ကိုယ့်နိုင်ငံ မှာဆို မိန်းမတစ်ယောက်အနေနဲ့ ဒီနာမည်မျိုး မှည့်လိမ့်မယ်လို့ မထင်ကြောင်း စတာတွေကို ပြောပြလိုက်တယ်။ ယောက်က်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ မာယာများသူတစ်ယောက်လို့ အထင်ခံရမှာမျိုးကို မလိုလားတတ်ကြောင်းကိုလည်း ပြောခဲ့တယ်။ မင်းမှာ ဒီလိုမာယာများ တာမျိုးရှိလိမ့်မယ် မထင်ဘူးလို့လည်း ကိုယ်က လောကွတ်ချော်လိုက်တယ်။ မရှိဘူး မဟုတ်လားလို့လည်း လျှာက ရှည်ဖြစ်လိုက်သေး တယ်။ ဒီတော့ သူက၊ ဟင်း၊ သိပ်ရှိတာပေါ့။ ကိုယ့်ဆီမှာ မင်းပြောတဲ့ မာယာဆိုတာမျိုးတွေ များမှ အများကြီး။ မင်းမှာ အချိန်ရှိလျင် အဲဒီအကြောင်းတွေကို ပြောပြမယ်တဲ့။



သူ့စကားဆုံးတော့ ကိုယ့်စိတ်ထဲမှာ ၊ ဟ ၊ ဒီမိန်းမ ဘယ်လိုမိန်းမလဲ။ သူများတွေ မာယာများသူလို့ အထင်ခံရမှာ စိုးရွံ့ပါတယ်လို့ ပြောခဲ့ပါမှ သူ့မှာ မာယာတွေ များမှများ။ နောက်ပြီး အဲဒါတွေကိုပဲ ပြောပြဦးမတဲ့။ ကိုယ့်စိတ်ထဲမှာတော့ ခုမှ တကယ်မာ ယာများတဲ့ မိန်းမတစ်ယောက်နဲ့ မထင်မှတ်ပဲ လာဆုံမိနေပြီရယ်လို့ မှတ်ချက်ပြုလိုက်မိခဲ့တယ်။ ကိုယ့်နှုတ်ကတော့ အေး နောင်မှာ အကြောင်းတိုက်ဆိုင်လို့ ဆုံဖြစ်မယ်ဆိုလျင်တော့ မင်းပြောပြမယ့် မာယာဆိုတာတွေကို နားထောင်ချင်ပါသေးတယ်။ ခုတော့ အချိန်မရှိ တော့လို့ ကိုယ့်ကိုယ် ခွင့်ပြုပါဦးဆိုကာ သူ့အနီးနားကနေ (တိတိကျကျ ဆိုရလျင်) ကိုယ်ရပ်နေကျ နေရာလေးကနေ မထွက်ခွါချင်သေးပဲ ထွက်ခွါလာခဲ့တယ်။ သူ့စိတ်ထဲမှာ ဒါကိုပင် ယောက်ျားမာယာတစ်မျိုးလို့ ထင်ကောင်း ထင်နေမလားပါပဲ။ ။

Tuesday, October 21, 2008

ဝေ့ဝဲ ဝိဉာဉ်

ဝေ့ဝဲ ဝိညာဉ်
(၁)
မှိုင်းပျပျ ကောင်းကင်ကြီးအောက်မှာရပ်ကာ မျက်စိတဆုံးမြင်နေရတဲ့ ကွင်းပြင်ကျယ်ကြီးကို လာလာလို့ ငေးငေးကြည့်နေ တတ်တာ ကြာခဲ့ပြီ။ အကြိမ်ဘယ်လောက်ဆိုတာကိုပင် မရေတွက်နိုင်တဲ့အထိ။ ကျယ်ပြန့်ခြင်းနောက်ကွယ်မှာ ပုန်း လျိုးနေတဲ့ လွတ်လပ် ခြင်းရသကို အပြည့်အဝပေးနိုင်တဲ့ ဒီနေရာလေးက ကိုယ့်ကို သူ့ဆီ မကြာမကြာ မလာပဲ မနေနိုင်အောင် ညှို့ ငင်နိုင်ခဲ့တယ်။ တိတ်ဆိတ် မှုတွေ၊ လွတ်လပ်မှုတွေ၊ စိမ်းလန်းမှုတွေ၊ ငြိမ်းချမ်းမှုတွေကို တပြိုင်တည်း ပေးစွမ်းနိုင်တဲ့ ဒီနေရာ လေးဟာ ကိုယ့်အဖို့ ထာဝရ မဟုတ် ပေမယ့် တဒင်္ဂနိဗ္ဗာန်ဘုံလေးတစ်ခုကိုတော့ လှပစွာ ဖန်တီးပေးထားနိုင်တယ်။ နှောင့်ယှက် သူမရှိ၊ ကန့်ကွက်သူမရှိ၊ ခြိမ်းခြောက်မည့်သူ လည်း မရှိ။ ပကတိ ငြိမ်းအေးမှုတွေနဲ့ လွှမ်းခြုံထားတဲ့ ဒီနေရာလေးမှာ ကိုယ့်ကို အနှောက်အယှက်ပေးတတ်တာဆိုလို့ မွမွလေးတိုက် ခတ်လာတတ်တဲ့ လေနုအေးလေးများသာပဲဖြစ်တယ်။ သူတို့ကတော့ ကိုယ့်အတွက် တခါခါမှာ မိတ်ဆွေဖြစ်တတ်သလို တခါခါမှာတော့ လည်း ရန်သူဆိုးလေးတွေပါပဲ။

ရေခဲလုနီးပါး အေးမြတတ်တဲ့ ဆောင်းညများမှာဆို သူတို့က ကိုယ့်အတွက် ရန်သူတွေပေါ့။ ဒါပေမယ့် အပူရှိန် အလွန် မပြင်း ပေမယ့် နေမင်းရဲ့ကျီစယ်မှုက နည်းနည်းလေးကြမ်းသလိုဖြစ်တတ်တဲ့ ဇူလိုင် သြဂုတ်လို နွေရာသီမှာတော့ လေနုလေးတွေကပဲ ကိုယ့် မိတ်ဆွေကောင်းလေးတွေ ဖြစ်သွားပြန်တယ်။ အထူးသဖြင့် နွေလရဲ့ ညဦးအချိန်များမှာ လရောင်ပျပျအောက် စိတ်နောက်ကိုယ်ပါ ဒီနေ ရာလေးကို ရောက်ရောက်လာတတ်တဲ့ ကိုယ့်အတွက် အေးမြမြ ဒီလေနုလေးတွေရဲ့ တွေ့ထိရသက ဘယ် လိုမှ မေ့ပျောက်လို့ မရနိုင် လောက်အောင်ပဲ လွန်စွာ သိမ်မွေ့ရင်ခုန်စရာ ကောင်းနိုင်လွန်းလှပါတယ်။ လနဲ့ညရဲ့ အချိုးကျစွာ ပဏာရနေမှုမှာ နုနုမွမွ ဖွတရလေး ဆော့ကစားတတ်တဲ့ လေနုလေးသာ မပါဝင်နိုင်ခဲ့ရင် ညဆိုတာ စွဲလမ်းတပ်မက်စရာ အရာ တစ်ခုမှ ဟုတ်နိုင်ပါ့မလားလို့ပင် တွေးထင်မိ ခဲ့ဘူးတယ်။ ဒါဖြင့်ရင် ဒီနေရာလေးရဲ့အလှက ညမှလားကွယ်ဆိုတော့။ ဘယ်ဟုတ်လိမ့်မလဲ။

ကြည့်လိုက်ပါ့လား။ ကိုယ့်ခေါင်းပေါ်က ကောင်းကင်ကြီး။ မိုးတိမ်တွေ ထူထူထဲထဲ။ နေရဲ့အလင်းသည်ပင် တိမ်လွှာပြင်ကို မတိုးလျှိုးနိုင်တဲ့အထိ။ ဒါကို မိုးညို့ နေတယ်လို့ ပြောရိုးမဟုတ်လား။ ကိုယ်ဒီနေရာလေးကို ရောက်လာတတ်တဲ့ အကြောင်းထဲမှာ ခုလို ကောင်းကင်တစ်ခွင်လုံး မိုးတိမ်တွေအုပ်ဆိုင်းကာ ညိုမှိုင်းနေခြင်းလည်း တစ်ခုအပါအဝင်ပေါ့။ တကယ်ဆို အလင်းရောင်ဆိုတာ မြင် ကွင်းတွေကို ပိုမိုရှင်းလင်းစေတတ်တာ။ ဒါက သဘာဝ။ ဒါပေမယ့် ကိုယ်ဒီနေရာလေးကိုရောက်မှ ဒီသဘာဝက နေရာတိုင်းအတွက် မသက်ရောက်ဘူးဆိုတာ သိလိုက်ရတယ်။

ကိုယ်ရပ်နေတဲ့ နေရလေးကနေ မြင်နေရတဲ့ မြင်ကွင်းကျယ်ကတော့ နေမသာပဲ တိမ်တွေဆိုင်းလို့ မှုန်မှိုင်းမှိုင်းရှိတတ်တဲ့ ခုလိုအခါမျိုးမှာမှ ပိုမိုကာ ပေါ်လွင်ထင်ရှားနေတတ်တယ်။ ကွင်းပြင်ကျယ်အဆုံး တဖက် တောင် ခြေက ဖြူလွလွ တိုက်အိမ်လေးများရဲ့ အလှ။ ဖြောင့်ဖြောင့်တန်းတန်း စီးဆင်းနေတဲ့ လူလုပ်မြစ်ငယ်တစ်စင်းနဲ့ အတူ၊ အရှေ့မှသည် အနောက်၊ အနောက်မှသည်အရှေ့၊ ဥဒဟိုပြေးလွှားနေတဲ့ အဝေးပြေးလမ်းမပေါ်က ရောင်စုံကားတွေနဲ့ပါ စိုပြေစိမ်းလန်းကာ သက်ဝင် လှုပ်ရှားနေတဲ့ ပန်းချီကားချပ်ကြီးပမာ။ မျှော် တွေး ငေး ဆွေး မဝနိုင်စွာ။ သဘာဝရဲ့ ဖိုးထိုက် ရတနာ။ ဒါက တောက်ပတဲ့ နေရောင် အောက်မှာ ရှာဖွေလို့ မရနိုင်တဲ့အရာပေါ့။

ကိုယ်ရပ်နေတဲ့နေရာက ကွင်းပြင်အလယ်က တောင်ကုန်းမြင့်မြင့်လေး တစ်ခုပေါ်မှာ။ တောင်ကုန်းလေးရဲ့ တဖက် အခြေမှာ တော့ နိုင်ငံအနောက်ဖျားကနေ မိုင်သုံးထောင်ဝေးကွာတဲ့ အရှေ့ဖျားအထိ တောက်လျောက်သွားနိုင်တဲ့ အဝေးပြေး လမ်းမကြီး။ ပင်ပမ်း ကြီးစွာ လဲလျောင်းနေတယ်။ နေ့ညမနား တသွားထဲသွားနေတတ်သူတွေရဲ့ ဝမ်းပြင်အောက်မှာ သူ့ခမျာ နားချိန်ဆိုတာ မရှိသလောက်ပါ ပဲ။ အခြားတဖက်မှာတော့ ဘယ်အရပ်ဆီကနေ စတင်စီးဆင်းလာမှန်း မသိရတဲ့ လူတွေဖန်တီး ထားတဲ့ မြစ်ငယ်တစ်ခုရှိတယ်။ တစ်နှစ် ပတ်လုံးစီးဆင်းနေတဲ့ ဒီမြစ်ငယ်ကို အမှီရတဲ့ ၁၂ ရာသီ စိုက်ပျိုးမှုကပဲ ကိုယ်မြင်ရတဲ့ စိမ်းလန်းခြင်းတွေ၊ လတ်ဆတ်ခြင်းတွေ၊ လန်းဆန်း ခြင်းတွေကို ရှင်သန်နေနိုင်တာ ဖြစ်မယ်ထင်တယ်။ တစ်ချိန်က ဒီဝန်းကျင် ဒေသဟာ ကန္တာရ ရပ်ဝန်းတစ်ခုလို့ မှတ်သားခဲ့ရဘူးတယ်။ လူ့စွမ်းအင်ဟာ ကန္တာရတွေကိုပင် မြစ်ပြင်တွေ ဖြစ်စေနိုင်သလို သစ်ပင်တွေဖြစ်အောင်လည်း ဖန်တီးနိုင်တယ်။ ချောက်တွေကိုလည်း ကူးလျှောက်နိုင်သလို တောင်တွေကိုလည်း ထွင်းဖောက်နိုင်တယ်၊ ဘယ်လောက်လှတဲ့ အစွမ်းအစလဲ၊ ဒါပေမယ့်လည့်း့ ။

ကိုယ်မင်းကိုကြည့်နေတာ ကြာပြီ။ မင်းတခုခုကို ကြည့်နေတယ်ဆိုတာသိတယ်။ ဒါပေမယ့် မင်းကြည့်နေတာတွေဟာ မင်း မြင်နေရတဲ့အရာတွေ မဟုတ်ဘူးဆိုတာကိုတော့ ကိုယ်ကောင်းကောင်းနားလည်တယ်-တဲ့။ ရုတ်တရက် အနီးအနား ကပ်ပြောလိုက်တဲ့ အသံကြားရမှ ကိုယ့်ဘေးမှာ သူရောက်နေမှန်း သိလိုက်ရတယ်။ နောက်ပြီးသူကပဲ မင်းမှာ ဘာတွေများ လွမ်းစရာရှိသလဲ-တဲ့။ အော် ကိုယ့်အမေးကို မင်းမဖြေလည်းပဲ နေနိုင်တယ်နော်။ ကိုယ်က မင်းအတွေးတွေကို အနှောက် အယှက်ပေးရုံတင်မက မင်းကိုယ်ရေးကိုယ်တာဘဝကိုပါ စပ်စုနေသလိုမျိုး ဖြစ်နေပြီလို့လည်း သူက ဆက်ပြောသေးတယ်။

ကိုယ့်အဖို့တော့ ကိုယ့်စိတ်ကို တိတိကျကျ ဖတ်နိုင်သူတစ်ယောက်နဲ့ ရုတ်တရက်တွေ့လိုက်ရလို့ ပထမ အံ့သြသွားတယ်။ သူပြောတာဟုတ်တယ်။ ကိုယ်ကြည့်နေတဲ့အရာတွေဟာ ကိုယ်မြင်နေတဲ့အရာတွေ တကယ်မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရလျင် ကိုယ်စိတ်ထဲပေါ်နေတဲ့ ပုံတွေဟာ ကိုယ့်မျက်စိက မြင်ရတဲ့အရာတွေ မဟုတ်ဘူး။ ကိုယ်တကယ်မြင်ခွင့် မရနိုင်ခဲ့တဲ့အရာတွေကို မြင်နေရ တဲ့အရာတွေနဲ့ အစားထိုးပြီး မြင်ခွင့်ရစေချင်လွန်းတဲ့ စိတ်ဓာတ်တွေနဲ့ ဒီနေရာလေးကို ကိုယ်ရောက်ရောက်လာတတ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိနေခဲ့တာ အတန်ကြာခဲ့ပြီ။ ဒါကို ကိုယ်ကလွဲပြီး ဘယ်သူမှ သိနိုင်မယ် မဟုတ်ဘူးလို့ ကိုယ်က ယူဆထားခဲ့တာ။

ကိုယ်ဒီနေရာလေးကို ရောက်ရောက်လာပြီး မကြာမကြာငေးမိတာကို စောင့်ကြည့်နေတတ်သူ တစ်ယောက်ရှိနေလိမ့်မယ် ဆိုတာ ကိုယ် ဘယ်လိုလုပ် တွေးထင်မိခဲ့မှာလဲ။

အထူးသဖြင့် မိုးတွေအုပ်ဆိုင်းနေတဲ့အခါမျိုးမှာ ခုလိုတောင်ကုန်းမြင့်မြင့်လေးပေါ်ကနေ ကွင်းပြင်ကျယ်ကြီးကို ငေး ကြည့် နေရတာကို သဘောကျလို့ ဒီနေရာလေးကို ကိုယ်တစ်ယောက်တည်း တိတ်တိတ်လေး လာနေလေ့ရှိတာ။ ကိုယ့်လိုပဲ ခုလို မိုးတွေညိုတဲ့ အခါတိုင်း ဒီနေရာကို တကူးတက လာနေတတ်သူတစ်ဦးလည်း ရှိနေတာကို သိရတော့ သူ့အကြောင်းကို ကိုယ်က စိတ်ဝင်စားမိတယ်။ ကိုယ်ဒီနေရာလေးကို လာနေတာ အကြောင်းရှိသလို သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပဲရယ်လို့ ထင်မိတယ်။ ကိုယ့်အထင် တိတိကျကျ မှန်နိုင်လိမ့်မယ်ဆိုတာကိုလည်း သေချာသလို ခံစားမိတယ်။ ကိုယ့်အထင် မမှားခဲ့တာ အချိန်အနည်းငယ်အတွင်း သိလိုက်ရတယ်။ တကယ်တော့ အတွေးတူသူနှစ်ဦး အသိတူနေတတ်တာ ခံစားနားလည်ပုံတူနေတတ်တာက ဖြစ်နိုင်ခဲတဲ့အရာမျိုးမှ မဟုတ်တာ။ ။

Saturday, October 11, 2008

Memorable July

ဇူလိုင်မျက်ရည် ၊ တန်ဆောင် ဇာတိ

(၁)

မိုးကစိုစို ၊ ကျီးအုပ်ပြို၍
ထိုမှဤမှ ၊ တို့လမ်းမတွင်
ပျံကြဝဲကြ ၊ ငရဲထသို့
အုံကြွမြည်အာ ၊ မသာယာကို
ငါကြားခဲ့၏ ၊ မှတ်မိ၏။

ထိုနေ့၌ပင် ၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း ၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏
မြေခသတင်း ၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင် ၊ တို့လမ်းခွင်၌
မချင့်မရဲ ၊ ဝမ်းနဲခံခက်
မျက်စိမျက်နှာ ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ ၊ သချိုင်းထိ။ ။ (ဇော်ဂျီ)


ဒီအချိန်ဆိုရင် အမိမြန်မာပြည်မှာ ဂျူလိုင်မိုးဟာ အညိုးနဲ့ ရွာနေမလားပါ။ ဂျူလိုင်မိုးစက်တွေနဲ့ အပြိုင် နှလုံးသားမှာ မြစ်ဖျားခံပြီး ပါးပြင်ကတဆင့် သွယ်ကျလာတဲ့ မျက်ရေမိုးစက်တွေဆိုတာ လဲ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းတို့နဲ့အပြိုင် စီးဆင်းနေမှာပါ။

နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း အမိတွေရဲ့ပါးပြင်၊ ဖခင်တွေရဲ့မျက်ဝန်း၊ ညီအကိုမောင် နှမတွေရဲ့ နှလုံးသားက နေ နက်နက်ရှိုင်းရှိုင်း စီသွယ်းကျခဲ့လေတဲ့ မျက်ရေမိုးပေါက်တွေလည်း အညိုးကြီးစွာနဲ့ရွာသွန်းလေတဲ့ ဂျူလိုင်မိုးစက် အရေအတွက်ထက် နည်းလှမယ်မဟုတ်ပါဘူး။ ဖွဲရုံမက သဲလှတဲ့မိုးညများမှာ စွန့်လွှတ်ခဲ့ရတဲ့ ချစ်သူတို့အတွက် သွန်းဖြာကျရတဲ့ ဘယ်သော အခါမှာမှ မပြယ်ပျက်နိုင်လေမည့် သွေးရည်လွှမ်းရှက် မျက်ရည်မိုးစက်တွေဟာလည်း ချင်း တွင်းကိုဖြတ်၊ သံလွင်ကိုကျော်၊ ဧရာအပေါ်ဖုံးလွှမ်းပြီး အမိမြန်ပြည်တစ်လွှား ရစ်နွှယ်စီးဆင်း နေတော့မှာပါ။ လွမ်းတမ်းတရတဲ့ ညတွေကြားက စူးနစ်ကြေကွဲစွာပေါ်ပေါက်လာတတ်တဲ့ တက်ခေါက်သံတွေ၊ နာကျင်နက်ရှိုင်းစွာ အံကြိတ်ငိုရှိုက်နေသူတွေလည်း ဒုနဲ့ဒေးရှိနေမှာ မလွဲ ပါဘူး။

ဒီဂျူလိုင်ပေါ့  အမေက သူချစ်တဲ့သားသမီးတွေကို တခဲ့ရတဲ့ည၊ သားသမီးတွေက အဖေကို မျှော်ခဲ့ရတဲ့ည၊ ညီအကို မောင်နှမရင်းတွေက မိသားစုထဲက ခွဲခွါသွားတဲ့ တစ်အူတုံဆင်း ညီ အကိုမောင်ရင်းနှမတွေကို မျှော်လွမ်းတမ်းတ ကြေ ကွဲရတဲ့ည၊ အမုန်းမြူတိမ်ကင်းပေမယ့် တစ်နယ်ရွာစီ ခွဲခွါခဲ့ရတဲ့ ချစ်သူနှစ်ဦးတို့ရဲ့ကွေကွင်းည၊ နင်းချွေလို့ ကြွေခဲ့ရရှာလေတဲ့ ဖူးငုံစ ပန်းပေါင်းစုံတို့ရဲ့ နာကျင်ကြေကွဲဖွယ် ဘဝဇာတ်လမ်းတွေကိုလည်း ဒီဂျူလိုင်ရဲ့မှတ်တမ်းထဲမှာ ရေးထိုးလို့ထားခဲ့ပေါ့။

၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး တဲ့၊ ဒီဂျူလိုင် မှာပဲ အမိမြေဟာ သားကောင်းတစ်ယောက်ကို စွန့်လွှတ်ခဲ့ရတယ်၊ ငိုကြွေးရှိုက်ငင် ကြမ္မာဝင်ဖို့ စခဲ့တယ်၊ ဝမ်းနည်းခံခက် မျက်ရည်စက်တို့ မြေအပြင်မှာ ကြွေစဉ်ခဲ့ရတယ်၊ သည်းခိုက်ဘဝင် ဖြေမရွှင်ပဲ ပင်ပမ်းတမ်းတ နွမ်းလျဖို့ အလွမ်းညကို စခဲ့တယ်၊ အမိုက် မှောင်ဖုံး ပျက်ပျက်ပြုန်းဖို့ တုံးရုံးပြတ်ကြွေ အာဇာနည်တွေသေခဲ့တယ်။ မမေ့နိုင်တဲ့ဂျူလိုင်၊ မမေ့သင့်တဲ့ဂျူလိုင်၊ ဟုတ် တယ်၊ ဆဲဗင်း ဂျူလိုင် မမေ့နိုင်၊ ဂျူလိုင်ဆယ့်ကိုး မျက်ရည်မိုး၊ ဒို့နိုင်ငံရဲ့သမိုင်းမှာ ထာဝရမော် ကွန်းထိုးရမည့်လ၊ ဒီလ ဂျူလိုင်ရယ်ပေါ့။

၁၉၄၇ ခုနှစ်၊ ကျနော်ဆိုတဲ့လူသားသတ္တဝါတစ်ယောက် လူ့ပြည်ကို မရောက်ခဲ့သေးပါဘူး၊ ဒါ ပေမယ့် မမွေးခင်ကကိုပဲ ကျနော့်မှာ ကြွေးရှင်ကရှိနေခဲ့ပါပြီ၊ ဟုတ်ပါတယ်၊ ကျနော့်အပေါ်မှာ ကြွေးတစ်ခုဟာ အရံသင့် ထင်ကျန်နေနှင့်ခဲ့ပါပြီ၊ တိုင်းတစ်ပါးသားလက်အောက်မှာ ကျွန် သဘောက်တစ်ယောက်အနေနဲ့ မမွေးဖွားရလေအောင် အသက်ပေးပြီး လွတ် လပ်ရေးကြိုး ပမ်းခဲ့သူတွေအတွက် ကျနော်တို့မှာ တုန့်ပြန်ပေးဆပ်ရမည့် အကြွေးဟာ တင်ရှိလို့နေခဲ့ပါပြီ။ ဒီကြွေးက တော့ အင်္ဂလိပ်လက်အောက်က လွတ်လပ်ပြီးနောက် အမိဗမာပြည်မှာနေ အမိရေ ကိုသောက် အမိမြေမှာလူလား မြောက်ရတဲ့ ကျနော်လို လူသားတစ်ယောက်အတွက် မလွဲ မသွေပေးကို ပေးဆပ်ရမည့်ကြွေးပါ၊ သူတောင်းလို့ကိုယ် ပေးရတဲ့သဘောမဟုတ်ပဲ စွန့်လွှတ် စွန့်စားစိတ်နဲ့ပေးခဲ့တဲ့သူတွေအတွက် အသိဥာဏ်ရင်းတဲ့နှစ်လုံးသားနဲ့ ပေးဆပ်ရမည့် ဝတ္တရား မဆန်တဲ့ တုန့်လှည့်မေတ္တာ စေတနာကြွေးတွေပါ။

(၂)
ကျနော်ငယ်စဉ်က ဗိုလ်ချုပ်အကြောင်းတွေကို စာပေများကတဆင့်ဖတ်မှတ်ရလို့ အကြည်ညို ပိုခဲ့ပါတယ်။ နောက်ပြီး ကျနော်တို့ငယ်စဉ်က အာဇာနည်နေ့နီးတိုင်း မြန်မာ့အသံ ရေဒီယိုကနေ ကြားရတတ်တဲ့ ဗိုလ်ချုပ်ရဲ့အသံကိုလဲ နားထဲ မှာ စွဲထင်နေမိပါတယ်၊ ထိမိတဲ့အသုံးအနှုန်း၊ ရှင်း လင်းပြတ်သားတဲ့ အဆိုအမိန့်၊ ရိုးသားတဲ့ဗိုလ်ချုပ်ရဲ့စကားသံတွေ ဟာ ကျနော်တို့အတွက် ထာ ဝရနာခံမှတ်သား လိုက်နာကျင့်သုံးနေရမည့် လမ်းညွှန်ချက်တွေသာဖြစ်တယ်၊ ဗိုလ်ချုပ်ရဲ့ စကားမိန့်ခွန်းတွေကို အာဇာနည်နေ့နီးကပ်မှ မဟုတ်ပဲ အခါအခွင့်သင့်တိုင်း ကျနော်တို့လို လူငယ်များနားမှာ ကြားနေသင့်အောင် ဖန်တီးပေးသင့်တယ် ၊ ဗိုလ်ချုပ်လို ရိုးသားကြိုးစား ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေရဲ့ သဘောထားတွေ လုပ်ဆောင်ချက်တွေဟာ ကျနော်တို့ အတွက် စံနမူနာကောင်းတွေဖြစ်နေသင့်တယ်။

သို့ပေမယ့် ကံဆိုးလှစွာ ကျနော်တို့မှာက အတ္တကြီးသူတွေ၊ ကိုယ်ကျိုးရှာအချောင်သမားတွေ၊ အာဏာရူးတွေ၊ လူ ရမ်းကားတွေ၊ အလုပ်နည်းနည်း အပြောများများ၊ အကျင့်ပျက်လာဘ်စား မတရားကြီးပွားနေတဲ့ သူယုတ်မာတွေရဲ့ မြင်မကောင်းတဲ့ အသွင်အပြင်တွေကိုသာ မုန်းတီးနာ ကျည်းစွာ တွေ့မြင်ခွင့်ရနေတယ်၊ မကြည့်ချင်လို့ မရ၊ ကြည့်ပြန် တော့ မလှ၊ သုညတွေလို လူ တွေရဲ့ အပိုင်းအစတွေက ကျနော်တို့ပြည်မှာ ခွေးလှေးပျားတောအနှံ့လို့ ဆိုရလောက်အောင် များပြားလွန်းလှတယ်။

ဒီလူတွေကိုပဲ နမူနာယူစရာအလားတွေ့နေရတဲ့ ကျနော်တို့အနေနဲ့ကော ကိုယ့်ရဲ့အနာဂတ် အတွက် ဘာကိုစံပြု၊ ဘာ ကို တုလို့ ဘာအမှုတွေကို ပြုလုပ်ကြရမှာလဲ၊ ပညာရေးက ကမောက်ကမ၊ စီးပွားရေးက ဘရုတ်သုတ်ခ၊ ကျန်းမာရေးက အဆိုးဆုံးအခြေပြ၊နိုင်ငံရေးမှာ အယုတ်တမတွေ အုပ်ချုပ်နေကြလေတဲ့ ဒီခေတ်မှာ လူဖြစ်ခွင့်ကြုံရတဲ့ ကိုယ့်ကြမ္မာကိုပဲ ကျိန် ဆဲရမှာပါလား။ ပိုးထိုးလောက်ကိုက် အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်ကပ်ငြိနေတဲ့ လွတ်လပ်ရေး အသီး အပွင့်ကို အမှိုက်ကိုရှင်း လောက်ကောင်တွေကင်းသွားအောင် မသုတ်သင်နှိုင်တဲ့ ကျနော်တို့ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ် တင်ရမှာပါလား။ ကိုယ်လိုချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်ရဖို့ ပါဝင်အားမထုတ်ပဲ တစ်ဦးတစ်ယောက်က ပေးလာလိမ့် နိုး မျှော်လင့်ကိုးနဲ့ ရှေးရိုးသူရဲကောင်း မျှော်ဝါဒကိုပဲ လက်ကိုင်စွဲပြီး ပျင်းကြောဆွဲ ဖျင်းကြောဆွဲကာ နေနေကြဦးမှာလား။

ကျနော်တို့တတွေ ကိုယ့်တိုင်းကိုယ့်ပြည်ကို ချစ်ကြတယ်၊ ဘယ်လိုပုံစံနဲ့ချစ်ကြတာလဲ၊ ကိုယ့် ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံနေရတာကို အော်သနားစရာပဲဆိုပြီး စုတ် သတ်နေရုံလောက်ပဲ ချစ်ကြတာပါလား၊ နောက်ပြီးဘယ်နိုင်ငံကတော့ ဘယ်လိုတိုးတက်နေ တယ်၊ တို့နိုင်ငံကတော့ ဘယ်လိုပဲဆိုပြီး သူတစ်ပါး တိုးတက်မှုတွေ ကို အားကျ၊ ကိုယ့်တိုင်း ပြည်ရဲ့ အောက်ကျနောက်ကျဖြစ်မှုကို ဝေဖန်အပြစ်တင်ပြရုံနဲ့ကော လုံလောက်ပါ့မလား၊ ဒီ လောက်ဆိုရုံမျှနဲ့တော့ ကျနော်တို့ရဲ့ တိုင်းပြည်ချစ်စိတ်ဆိုတာ ဘာမှတန်ဖိုးရှိလှမယ် မဟုတ် ပေဘူး။ ဒီလောက်နဲ့ ကော ကျနော်တို့တာဝန်ကျေပြီလို့ ဆိုနိုင်ပါ့မလား၊ ကျနော်တို့တတွေ ကိုယ့်ကိုယ်ကိုယ်ပြန်လည်မေးရမည့်မေးခွန်းတွေ များလှပါတယ်။

Politic နဲ့ပတ်သက်တဲ့ အသုံးနှုန်းတစ်ခုရှိပါတယ်၊ အဲဒါကတော့ Free rider ဆိုတဲ့ စကားတစ် ခွန်းပါ၊ အဓိပ္ပါယ်က အကျိုးအမြတ်ထွက်ပေါ်လာတဲ့အခါမှာ အဲဒီအကျိုးအမြတ်ကို အတူတကွ မျှဝေခံစားပြီး အဲဒီအကျိုးအမြတ်ကို ရရှိအောင်အားထုတ်ချိန်မှာတော့ ဘာတစ်ခုမှ ပါဝင်အား ထုတ်မှုမရှိဘဲနေတဲ့သူမျိုးကို သုံးတဲ့အသုံးအနှုန်းပါ၊ အချောင်စီးသူ တစ်နည်းပြောရရင် အချောင်သမားလို့ဆိုလိုတာပါ။ ကျနော်တို့တတွေ အချောင်သမားတွေဖြစ်နေပါသလား၊ ကိုယ့် တိုင်းကိုယ့်ပြည် ဆင်းရဲမွဲတေဒဏ်ကလွတ်မြောက်ဖို့၊အာဏာရှင်တွေကြီးစိုးမှုအောက်က လွတ် မြောက်ဖို့ ဘဝတွေပျက် အသက်သွေးချွေးတွေပေးပြီး သူများတွေအားထုတ်လုပ်ကိုင်နေတာ ကို ကိုယ်နဲ့ဘာမှမဆိုင်သလို ဘေးထိုင်လက်ပိုက်ကြည့်နေသင့်ပါသလား စဉ်းစားကြရမှာပါ။

ဆီးဘန်နီဆရာတော်ကြီးကတော့

သိင်္ဃတန်ဆောင် ဘုန်းတော်မှောင်၍
ကုန်းဘောင်ဆီမီး မထိန်ညီးသား
ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်း သုည
သုဉ်း သုံးဝဖြင့် သုဉ်းရပြန်လစ်
သုဉ်ညခေတ်ဝယ်
ဖြစ်လာရလေ တို့တတွေသည်
သေသော်မတည် သြော် ကောင်း၏ လို့ ကျွန်ခေတ်မှာ လူဖြစ်ရတဲ့ သူ့ဖြစ်အင်ကို နာကျင်စွာ စာဖွဲ့သီခဲ့ပါတယ်။

ထီမသုဉ်း နန်းမသုဉ်းပေမယ့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေ တုန်းသွားအောင်ဖန်တီးသူတွေ မင်း မူနေတဲ့ ဒီလိုခေတ်ပျက် မျိုးကိုတော့ ဘယ်လိုများ ဖွဲ့သီပါ့မလဲလို့ လျှောက်ထားကြည့်ချင်ပါဘိ တော့တယ်။ ဗိုလ်ချုပ်တို့လိုသူရဲကောင်းတွေက သူတစ်ပါးကျွန်အဖြစ်ကလွတ်မြောက်အောင် အားထုတ်ခဲ့ကြတယ်။ ဗိုလ်ချုပ်တို့လိုခေါင်းဆောင်တွေ မျှော်မှန်းခဲ့တာနဲ့ ဆန့်ကျင်စွာ ကိုယ့်လူ မျိုးအချင်းချင်းစိုးမိုးအနိုင်ယူမှုကြောင့် ကျွန်အောက်နိမ့်တဲ့ဘဝမျိုးနဲ့ မနေနိုင်၊ မနေလိုတဲ့ သူများ က ခုများမှာတော့ ကိုယ့်ပြည်ကိုယ့်ရွာကိုစွန့်ခွါ ကိုယ့်သိက္ခာကို ခဝါချပြီး ကိုယ့်ပြည်ကိုယ်ခွါ တိုင်းတပါးမှာ အခြေအနေအရ နေထိုင်ကြရတယ်။ အိမ်နီးနားက တိုင်းတပါးမှာ ကိုယ့်တိုင်း သား ပြည်သူတွေ ကျွန်ရဲ့ကျွန်ဖြစ်နေကြရတယ်၊ ဒါတွေကိုပဲ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက် မြက်ရေးအတွက် ဦးဆောင်လုပ်ကိုင်နေကြပါတယ်လို့ဆိုရင်တော့ အဲဒီ မသိဆိုးရွား အမိုက် လူသားတွေအတွက် ထိုက်တန်တဲ့ဝေဖန်စရာစကားလုံး ရှာလို့ရနိုင်မယ် မဟုတ်ပေဘူးပေါ့။

သိင်္ဃတန်ဆောင် စစ်ဘုန်းတော်ရောင် မမှောင်ပေမယ့် တိုင်းတစ်ပါးနိုင်ငံတွေမှာ ကျွန်ဖြစ်ယုံ မက ဘဝနွံပါနစ်ကြရှာတဲ့ နှမငယ်အရွယ် မိန်းကလေးငယ်တွေရဲ့ဘဝကိုကြားရတိုင်း ယူကျုံး မရဖြစ်ရတယ်၊ နာကျင်ဒေါသလည်းဖြစ်ရတယ်၊ ကိုယ့်တိုင်းသားပြည်သူတွေအပေါ် တိုင်းတစ် ပါးသားတွေရဲ့ အနိုင်ကျင့်ကြ၊ အမြတ်ထုတ်ကြတာကိုကြားရတိုင်း ခံပြင်း စိတ်ဖြစ်ရတယ်။ ဘာကြောင့် ခုလိုကိုယ့်ပြည်သူပြည်သားတွေ အောက်ကျနောက်ကျ လူလုံးမလှဖြစ်ကြရတာ လဲ။ ဒီလိုအဖြစ် ဆိုးတွေရဲ့ လက်သည်တရားခံက ဘယ်သူတွေလဲ၊ ဒါအတွက်အဖြေကတော့ ရှင်းပါတယ်။ ကျနော်တို့ တိုင်းပြည်ကို လက်နက်အားကိုး စိုးမိုးဗိုလ်ကျခဲ့တဲ့ အဆက်ဆက် သော စစ်ဗိုလ်ဆိုးတွေပဲဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို မနှုတ် မရှင်း နိုင်သေးသမျှ ဘယ်တော့မှ ကျွန်ဘဝက လွတ်မြောက်နိုင်မယ် မဟုတ်ပါဘူး။ သူတစ်ပါး ကျွန် ကနေ ကိုယ့်သွေးသား အချင်းချင်းရဲ့ စစ်သားကျွန်ဖြစ်သွားရတာပဲ ကွာမယ်။ ဘဝတွေကောင်း ဖို့တော့ လမ်း ဘယ်မမြင်နိုင်တယ် ဖြစ်နေဦးမှာပါပဲ။

ကျနော်တို့အဖိုးအဖွား၊ အဖေအမေတွေက အမျိုးသားရေးစိတ်ဓာတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့တယ်။ မြေးသားတွေဖြစ်တဲ့ ကျနော်တို့အနေနဲ့ရော ဘာ ကြောင့် စစ်ကျွန်ဘဝက လွတ်မြောက်အောင် မရုန်းထွက်နိုင်ပဲရှိရမှာလဲ။ ကျနော်တို့စိတ်ဓာတ် တွေကို ပိုမိုတိုးမြှင့်ဖို့ အမှန်ကိုပဲလိုနေပြီဖြစ်တယ်။ စိတ်ဓာတ်ခွန်အားတွေနဲ့အတူ ပေးဆပ်သင့် တဲ့ အရာတွေကို ပေးဆပ်ဖို့လည်း လိုပေလိမ့်ဦးမယ်။ ဒါဟာ ကျနော်တို့အသီးသီးတွေရဲ့ ဘဝ တွေလည်းပဲ ဖြစ်နိုင်တယ်။ ဒီအတွက် တစ်ခါတရံမှာ လူပင်သေသော်ငြား ထာဝရရှင်သန်နေ တဲ့ ဘဝပိုင်ရှင်တွေ ဆိုတာလည်းပေါ်လာတတ်လေ့ရှိတယ်။

ဒီလိုမှ မဟုတ်လျင်တော့ ကျနော်တို့မှာ ဟိုလူကဟိုစကားလေးပြောလိုက်၊ ဒီလူကဒီစကား လေးဝင်ပြောလိုက်နဲ့ အဲဒီစကားလေးတွေကိုပဲ မျှော်လင့်ချက်တစ်ခုအနေ နဲ့ကျေနပ်နေကြရတဲ့ အနေမျိုးနဲ့ ထာဝရနေထိုင်သွားရလိမ့်မယ်၊၊ ကျနော်တို့ကိုယ်တိုင် အားထုတ်လုပ်ကိုင်ပါမှ ရလာ နိုင်မည်လို့ နှုတ်က တဖွဖွရွတ်ဆိုနေကြပေမယ့် အနစ်နာခံ ပါဝင် လုပ်ကိုင်သူဆိုတာက အရေ အတွက်အားဖြင့် အလွန့်အလွန် နည်းပါးနေပါသေးတယ်၊၊

ကျနော်တို့အဖေအမေ အဖိုးအဖွားတွေက သူတို့လိုအင်ဆန္ဒပြည့်အောင်ဖြည့်ဖို့ သူတို့အသက် သွေးချွေးတွေကို စတေးပေးဆပ်ခဲ့ကြတယ်။ ဆောင်းဦးအစရဲ့ ဟောဒီတန်ဆောင်မုန်းလမှာ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ ဇာတိမာန်ကို ပြခဲ့ကြတယ်၊ ဒီအချိန်မှာ ကျနော်တို့ အလှည့်ရောက် လာပြီ၊ ကျနော်တို့တာဝန်ဖြစ်လာပြီ၊ ကျနော်တို့ အသီးသီးမှာလည်း တူညီိတဲ့လိုအင်ဆန္ဒတွေ ရှိနေကြပြီ။ ကျနော်တို့ဆန္ဒပြည့်ဝအောင်ဖြည့်ဆည်းဖို့ တကယ်တမ်းသာ လိုလိုလားလား ရှိကြ မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့အရာကိုရဖို့ရာ ခုလောက်ထိအောင် အချိန်များစွာစောင့်နေဖို့ တောင် လိုမယ် မဟုတ်ပါဘူး။ ။

ဉာဏ်ဦးမောင်

Followers

အလှဗေဒ

ဘယ်အရာအလှလဲလို့  စဉ်းစာရင်း

အမှတ်ရနေတဲ့ စကားများ

အပုပ်ရနံ့ တွေ ဝင်လာမှာကြောက်လို့  ပြတင်းတံခါးတွေ ပိတ်ထားရင် လေညင်းနဲ့ အတူ သယ်ဆောင်လာတဲ့ ပန်းရနံ့ လေးတွေကို ဘယ်လို ရှူရှိက်ခွင့် ရနိုင်ပါတော့မလဲ